လိုတရအိမ်ကလေးမှကြိုဆိုပါတယ်...

ဆရာ မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာစာစုလေးတွေပါ

အချစ်ဦး


တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။


မောင်စိန်ဝင်း(ပုတီးကုန်း)


................................................................................................................................................

တိတ်တခိုး


ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။


မောင်စိန်ဝင်း(ပုတီးကုန်း)

.............................................
ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။


မောင်စိန်ဝင်း(ပုတီးကုန်း)

******************************

ကျွန်တော့်မြေမှာ


ပန်းပွင့်ကို ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ထုံနံ့သာ ငုံကာဖူးခါမှ
လက်ဦးသူ... ချိုး။

အသီးကို ကျွန်တော်မင်
အပင်ကို ကျွန်တော်ပျိုး
သီးကင်းငုံ ပေါ်ကာထွက်ခါမှ
လက်ဦးသူ... ခိုး။

ပန်းအလှ ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်
အချိုပင် ကျွန်တော်ပျိုး
သီးချိန်တန် တမာများလို
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု
ကံနည်းသူ ကျွန်တော်မို့
တော်သလိုပွင့်
သင့်သလိုဖူး
လက်ဦးသူချိုးချိုး
မြတ်နိုးသူ ပန်ပန်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်
ရင်ထိတ်တကား။


မောင်စိန်ဝင်း(ပုတီးကုန်း)



အပြန်လမ်း


ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ

ချစ်သူအဆောင်နံ့ သာတောကို
မျှော်မောကာရွှေရင်ထိတ်ပါလို့
တိတ်တိတ်ကလေးလာ။

တကယ်တွေ့ရင်တော့
ဘယ်နေ့မှာဘယ်လိုလွမ်း
ဘယ်လမ်းမှာဘယ်လိုစောင့်
ဘယ်ထောင့်မှာဘယ်လိုမျှောလို့
ဘယ်လိုနော်ရင်ခုန်ခန်းကို
ပြောစမ်းမယ်စိတ်ကူးနဲ့
ကြည်နူးသလိုရင်မှာဖြစ်ပါရဲ့
မောင့်အချစ်မိသည်းညှာ
လာစဉ်ကမောင့်အတွေး။

တွေ့မလားရယ်နဲ့
နေ့ခြားမောင်လာရဲ့
အဆောင်မှာသူ့ကိုမတွေ့လေဘု
သည်နေ့ဆိုရှိတန်ကောင်းပါရဲ့
ခေါင်းမော့ကာကြည့်ဆဲမှာပေါ့
မိသည်းညှာမောင့်အချစ်က
ဧည့်သစ်တွေ အလျှိုလျှိုနဲ့
ခွန်းနှုတ်ချိုပျော်ဟန်ဖွဲ့လေတော့
လာခဲ့သူမောင့်အမှားပါပဲ
တံခါးအဆောင်ဝဆီက
နောင်တ အတန်တန်နဲ့
အိမ်အပြန်ကံ့ကော်လမ်းမှာ
ကံ့ကော်ပန်းမောင်မမင်တော့
ခြံအ၀င်စံပယ်နံ့က
သင်းပျံ့လို့မွှေး...။



ကစားစရာ ထင်ပါသလား

ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ...။

အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ ...။

ပျားရည်တစ်စက်နင့်
ဝမ်းပျက်စေခဲ့သူ ...။

တကယ့်တကယ် တွယ်တာသနား
လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သုံမ၀င် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ...။


မောင်စိန်ဝင်း(ပုတီးကုန်း)



မာနမဲ့စွာ


ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။


မောင်စိန်ဝင်း(ပုတီးကုန်း)



လှေပေါ်မှာ


တစ်သက်မဝေးအောင်လို့
ငှက်ကလေးတွေ အစာကျွေး
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။

မွေးနေ့ဆို ဘုရားတက်
ရေသက်စေ့ ဘုရားလှူ
မီးပူဇော် ပန်းတွေကပ်
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။

တကယ်ပေါင်းဖို့ကျတော့
တပေါင်းမှာလည်းမထူး
တန်ခူးမှာလည်းမဖြစ်
တစ်နှစ်က တစ်နှစ်လက်ကမ်း
ချစ်သက်တမ်းရှည်သမျှ
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်
တစ်အိုးတစ်အိမ်ရယ်လို့တော့
မထူထောင်ဖြစ်။

တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး
စားဝတ်နေရေးကို ဘယ်လောက်ကူ
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုန်း
ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
သတ္တိကြောင် သောကအတွေးတွေနဲ့
ဝေးကြတဲ့နှစ်။


မောင်စိန်ဝင်း (ပုတီးကုန်း)



အပြောင်းအလဲ


နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…။


မောင်စိန်ဝင်း (ပုတီးကုန်း)


တစ်ခါတုန်းက နေရာဟောင်း

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်
အပေါ်မျက်နှာ၊ ဆီငွေြ့ဖာတင်း
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်
နေ့ရက်များစွာ၊ အနာဂတ်လေ
မရေရာလည်း၊ ၀မ်းမနည်းသေး
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ
ကာလလေးတွေ။

အင်းလျားရတနာ၊ မာလာသီရိ
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်
စိတ်စက်မငြိမ်၊ ပါလာချိန်တို့
ညှို့ယူဖမ်းစား၊ ညနေများစွာ
“မြနန္ဒာ”...
ဂီတာ တယော၊ လွမ်းမောနွဲ့လျ
မြို့မတေးသွား၊ စည်းဝါးသံစဉ်
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား
ညများအသင်္ချေ။

ကျန်ခဲ့ပြီလေ
ဖိတ်စင်ကြေမွ၊ ပြန်မရတော့
ညများနေ့များ၊ စားဝတ်နေမှု
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို
တစ်ခါရောက်တယ် သူငယ်ချင်း...။


မောင်စိန်ဝင်း (ပုတီးကုန်း)


ခွေးခြင်္သေ့


ခြင်္သေ့ဆိုတာ၊ တောဘုရင်မို့
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်
ခြင်္သေ့ဟန်ဖြင့်၊ တ၀င့်ဝင့်မို့
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။

ခွေးဆိုလည်းခွေး
အယ်လ်ဇေးရှင်း၊ အင်းခွေး၊ ဗမာခွေး
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်တယ်။

ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့
ဇစ်မြစ်မမှန်၊ လည်ဆံမဖွာ
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့
သတ္တိ သစ္စာ ဘယ်အရာမှစံမ၀င်
သဏ္ဍာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့...)
ခွေးဘ၀လောက်ဂုဏ်မရှိ။


မောင်စိန်ဝင်း(ပုတီးကုန်း)



နွေဝေဒနာ


သရက်ကင်းတွေလည်း
မြက်ခင်းမှာ ကြွေပြီခင်။

နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။

ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။

သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့

အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်----------
မေ့လောက်ပြီပေါ့။ ။


လွမ်းရဲတယ်

သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်



ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

.......................... မောင်စိန်ဝင်း(ပုတီးကုန်း)



ချစ်သူသိလေ

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်စိန်ဝင်း (ပုတီးကုန်း)


ချစ်သူသိလေ

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်စိန်ဝင်း (ပုတီးကုန်း)




ချစ်သူအတွက်

ချစ်သူတွေ ဝေးနေရင် လွမ်းရမှာ…
ချစ်သူတွေ ဝေးနေရင် ဆွေးရမှာ…
ချစ်သူတွေ ဝေးနေရင် သတိရမှာ…
ချစ်သူတွေ ဝေးနေရင် ……………..
..… ….… ……
အချစ်တွေကို ခဏသိမ်းထား
အလွမ်းတွေကို ကြိတ်မှိတ်မြိုသိပ်
အခုတော့ အိပ်စက်လိုက်ကြဦးစို့…
အိပ်မက်ထဲမှာ ဆုံကြမယ်လေ…။
…… ……. ……
အိပ်မက်ဆိုတာ လက်တွေ့အတွက်
ပေါင်းကူးတံတားတစ်ခုပါ။
ယုံကြည်ချက်တွေ ခိုင်မြဲ
မျှော်လင့်ချက်တွေကိုင်စွဲလို့
အားတင်းကြဦးစို့ချစ်သူ
ရွှေရောင်လွှမ်းတဲ့တစ်နေ့
မလွဲမသွေရောက်လာလိမ့်မယ်
ကဲ… အခုတော့
အလွမ်းပင်လယ် ရေပြင်ကျယ်မှာ ကူးခတ်ကြဦးစို့ရယ်…။

ကောင်မလေးအတွက်

ချစ်သူ♦♦♦
ရင်တွင်းတစ်နေရာ♦♦♦ သိမ်းဆည်းထားသည့်
ဤချစ်စကား♦♦♦ မသိသော်ငြား
ဖွင့်ပြောရန်ခက်♦♦♦
မုန်းမိပါသည်♦♦♦

ချစ်သူု♦♦♦
တစ်ဖတ်သတ်အချစ်♦♦♦ ဆိုးရွားလှ၍
ဆုတ်လည်းဆူးဆူး♦♦♦ စားလဲရူးလို့
ရင်ပွင့်မတတ်
ချစ်ရပါသည♦♦♦

ချစ်သ♦♦♦
မသိယောင်ဆောင♦♦♦ မမြင်တာလား
ဥပေက္ခာစကား♦♦♦ အသည်းကြွေမတတ်
ငိုကြွေးခဲ့ရပါသည်♦♦♦

ချစ်သူ♦♦♦
ချစ်မေတ္တာမိုး♦♦♦ စွေကာသွန်းဖြိုး
ထို့ပေမယ့်လဲ
တိတ်တခိုးနှင့်♦♦♦ ရင်တွင်းတစ်နေရာ
သိမ်းဆည်းထားလိုက်တော့မည်♦♦♦



ချစ်သူသို့

မျက်နှာလွှဲထားလည်း
စိတ်ထဲက ကြိတ် ကြေ ခိုက်
အိပ်ငိုက်တုန်း အချစ်က သိမ်းပိုက်သွားတယ်။

သိက္ခာနဲ့
စိတ်ပြာကျသွားတော့
အိပ်ယာအထမှာ အချစ်က ပွင့်ဖူးလာတယ်။

ကိုယ့်ကိုယ်ကို လိမ်ကာမှ
ဇာတ်ဆရာက
လိုက်ကာ မ လိုက်တော့
အချစ်က ဇာတ်မတိုက်လိုက်ရဘူး။

“ဒီမယ် မိန်းကလေးရဲ့”
ရှက်ရှက်နဲ့ ပြောရပုံက
“မင်းကို ငါချစ်တယ် ထင်ရဲ့”တဲ့
အဲဒီ့ မနက်မှာ
ကမ္ဘာဟာမလည်ပတ်တော့ဘူး
သီအိုရီတွေ အရိုးစူး
ချစ်ဖူးမှ သိလိမ့်မယ်။

ချစ်ခြင်း

ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

အကျနာတယ်

မီးတောက်မီးလျှံတွေနဲ့

ဘ၀တောင် တစ်ပိုင်းတစ်စ ပွန်းပဲ့သွားပေါ့


ချစ်ခြင်းမေတ္တာသာမရှိရင်

ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်

ဖိအား ဖိအား ဖိအားပြီးတော့ဖိအား

ဆင်ခြင်တုံတရားမဲ့ခြင်းက

ငါ့ကို .. ကမ္ဘာမြေနဲ့ လွှဲချော်စေခဲ့…


ငရဲမှာမှ

ငါ .. သတိပြန်လည်ခဲ့ပေါ့..။ ။...♥

အချစ်ဆိုသည်မှာ

ပန်းခြံတစ်ခုထဲဝယ် ကောင်မလေးက သူ့ချစ်သူကောင်လေးကိုမေး၏။ ကောင်မလေး - \\"ကျွန်မက လှသလားဟင်...\\" ကောင်လေး - \\"ဟင့်အင်း\\" ကောင်မလေး - \\"ဒါဆို ကျွန်မ ရှင့်အနားမှာရှိနေတာရော ရှင်ပျော်မှပျော်ရဲ့လား...\\" ကောင်လေး - \\"ဟင့်အင်း\\" ကောင်မလေး - \\"ဟင်...ဒါဖြင့် ရှင်နဲ့ ကျွန်မဝေးသွားခဲ့ရင်ကော ရှင်စိတ်ဆင်းရဲရမှာလားဟင်...\\" ကောင်လေး - \\"ဟင့်အင်း\\" ကောင်လေးဆီမှ \\"ဟင့်အင်း\\" ဆိုသော အဖြေကို (၃)ခါတိတိ ကြားပြီးသောအခါ ကောင်မလေးခမျာ ၀မ်းနည်းကြေကွဲစွာ ကောင်လေးရှေ့မှ ထွက်သွားဖို့ပြင်လိုက်တယ်။ ရုတ်တရက် ကောင်လေးက ကောင်မလေးရဲ့လက်ကို ဖမ်းဆွဲထားလိုက်ပြီး... \\"မင်းက လှတာမဟုတ်ပါဘူး...ချစ်စရာကောင်းတာပါ... ငါပျော်ဖို့ မင်းကိုငါ့အနားမှာ ရှိနေစေချင်တာမဟုတ်ပါဘူး...ငါ့ရဲ့ရှင်သန်မှုအတွက် မင်းမရှိလို့ကို မဖြစ်တာပါ... မင်းနဲ့ဝေးရရင် ငါစိတ်ဆင်းရဲရမှာမဟုတ်ပါဘူး...ငါသေသွားနိုင်တာပါ...\\"လို့ပြောလိုက်တယ်။

ဆုတောင်း

ကိုယ်တိုင်လောင်ကျွမ်းရင်း ပေးတဲ့ ငါ့အလင်း
လမင်းလို အလင်းရောင်မဖြာရင်တောင်
မင်းသွားမယ့် လမ်းတစ်နေရာရဲ့ မီးပြတိုက်သာ
ခနဖြစ်ဖြစ်ဝင်စားချင်တာ . . .

ကိုယ့်ကိုယ်ကိုယ် သတ်မယ့်ကဗျာ
ကျေးဇူးပြုပြီးငါ မဖတ်ပါရစေနဲ့
အလင်းတစ်စက် ဖြစ်ခွင့်မရတဲ့ အချစ်တွက်
နင့်နေအောင်ရင်နာတယ် . . .

လိုချင်တာသာ ပြောကြေးဆို
ကြင်နာခြင်းကင်းဝေးတဲ့ ရင်ခွင်နဲ့
ငါ့အတွက် မိုး အုံ့ တဲ့မင်းရဲ့ ကောင်းကင်မှာ
မိုးပြေးဖြစ်ခွင့်ဆုသာ တောင်းမယ် . . . ။ ။

ညီမလေးဖတ်ဘို့

ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီမလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။